Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, December 1, 2012

မြန်မာနိုင်ငံ၏ အင်တာနက်စနစ်

http://pyae-phyo.blogspot.com
မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်မှု စနစ်မှာ ၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက် ဝန်ဆောင်မှုများအား စတင်ရောင်းချခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသည့် အင်တာနက် ဝန်ဆောင်မှု အမျိုးအစား အနေဖြင့်လည်း Dail Up Connection မျိုးဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဥရောပအာရှ ရေအောက် ဖိုက်ဘာဆက်ကြောင်း ပြီးစီးသွားသည့် အတွက်ကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပိုမိုကောင်းမွန်သည့် အင်တာနက် ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လူအများစု အသုံးပြုနိုင်သည့် အင်တာနက်ဖြင့် မြန်မာဝက်ဘ်ဆိုက်များ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်ဝန်းကျင် အရောက်တွင် ပုဂံဆိုက်ဘာတက် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံး စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ပုဂံဆိုက်ဘာတက်မှ တင်ဆက်သည့် www.bagan.net.mm မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ပေါ်တယ်ဆိုက်တစ်ခုဖြစ်ပြီး နောက်ပိုင်းကာလများတွင် Bagan forum နှင့် ရန်ကုန် Chat သည် လွန်စွာ အောင်မြင်မှုရှိခဲ့သည့် ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် ၂၀၀၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ dail-up အပြင် broadband ဆက်သွယ်မှုအတွက်ပါ ထည့်သွင်း ရောင်းချခဲ့သော်လည်း ပုဂံဆိုက်ဘာတက်၏ broadband သည်သာ ပြည်တွင်း အင်တာနက် အသုံးပြုမှုကြားတွင် များစွာ အသုံးပြုမှုများသော ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် broadband ဝန်ဆောင်မှုအတွက် ကနဦးတပ်ဆင်ခ ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂံဆိုက်ဘာတက်များတွင် ကျပ် ၂၅ သိန်းဖြင့် ရောင်းချခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ပုဂံဆိုက်ဘာတက်မှ IpStar အင်တာနက် ဆက်သွယ်မှုတစ်ခုကို စတင်မိတ်ဆက်ခဲ့ရာ သုံးစွဲသူများစွာ ကြိုက်နှစ်သက်မှု ရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့်လည်း စီးပွားရေး လုပ်ငန်းရှင်များမှာ ဈေးနှုန်းမြင့်မားသော်လည်း ယင်းစနစ်ကို များစွာ ဝယ်ယူအသုံးပြုမှု ရှိခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် MPT မှ ADSL ဝန်ဆောင်မှုကို စတင် မိတ်ဆက်ပေးခဲ့ပြီး ယင်း ADSL အင်တာနက်လိုင်းမှာ မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသုံးပြုနိုင်ကြောင်း MPT မှ ကြေညာပြီး စတင် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ များမကြာမီကာလ၌လည်း ယင်း ADSL အင်တာနက်လိုင်းများကို ပုဂံဆိုက်ဘာတက်မှ ကနဦးတပ်ဆင်ခ ကျပ် ၂၅ သိန်းဖြင့် ဝန်ဆောင်မှုပေး ရောင်းချခဲ့ခြင်းဖြစ်ပြီး လစဉ်ကြေး သက်သာမှုနှင့် အင်တာနက်မြန်နှုန်း ကောင်းမွန်မှုတို့ကြောင့် လူအများစုကို ဝယ်ယူ အသုံးပြုခဲ့ရာမှ ရန်ကုန်မြို့တွင် အင်တာနက်ကဖေးဆိုင်များ ပေါ်ပေါက်လာပြီး အင်တာနက်သုံးစွဲတဲ့သူ စတင် မြင့်မားလာခဲ့ခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ADSL အသုံးပြုနိုင်သည့် မြို့ပေါင်း ၃၀ ဝန်းကျင် ရှိလာသည့် အတွက်ကြောင့် ထိုနှစ်အတွင်း အင်တာနက် ကဖေးဆိုင် ဖွင့်လှစ်မှုနှင့် အင်တာနက် အသုံးပြုမှုများမှာ ယခင်ကထက် တိုးတက်မှုများစွာ ရှိလာခဲ့သည်။ ထိုနှစ်အတွင်း ရတနာပုံတယ်လီပို့ အမည်ဖြင့် မြန်မာနိုင်ငံအတွင်း အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အများပြည်သူပိုင် ကုမ္ပဏီတစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။

၂၀၀၈ ခုနှစ် အရောက်တွင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ပုဂံဆိုက်ဘာတက်မှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီး အင်တာနက်ဝန်ဆောင်မှု အားလုံးကို MPT ကသာ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်း၌လည်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် အင်တာနက်ဝန်ဆောင်မှု တစ်ခုဖြစ်သော Red Link ကုမ္ပဏီမှ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု တစ်ခုဖြစ်သော Wimax အင်တာနက်လိုင်းများကို ပြင်ပလုပ်ငန်းအဖြစ် ထပ်မံရောင်းချခဲ့ခြင်း ဖြစ်သည်။ ထို Wimax အင်တာနက်ဈေးနှုန်းမှာ ထိုစဉ်အချိန်က ဒေါ်လာ ၁၈၀၀ ဖြစ်ပြီး လစဉ်ကြေးမှာ ဝန်ဆောင်မှုအလိုက် ဒေါ်လာ ၃၅ မှ ဒေါ်လာ ၁၃၅ အထိ ရှိခဲ့သည်။

Red Link ကုမ္ပဏီအနေဖြင့် အင်တာနက် ဝန်ဆောင်မှု ပေးရာတွင်လည်း ဝန်ဆောင်မှု ရောင်းချခြင်း ပစ္စည်း တပ်ဆင်ပြုပြင်ခြင်းနှင့် ကွန်နက်ရှင်ဆိုင်ရာ ချိတ်ဆက်မှုများကိုသာ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး Gateway ကဲ့သို့ server များဖြင့် အင်တာနက်တို့ အပြီးသတ် ချိတ်ဆက်မှုကို MPT မှသာ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းမှ ထိုသို့ လုပ်ကိုင်လာပြီး နောက်ပိုင်း ၂၀၀၉ ခုနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်းများမှာ များစွာ ကျဆင်းမှုများ ဖြစ်ပေါ်လာခဲ့ပြီး အင်တာနက် ကဖေးဆိုင် ဖွင့်လှစ်သူများမှာ အင်တာနက် ကွန်နက်ရှင်နှင့် အင်တာနက်ကဖေးဆိုင် များပြားလာမှုတို့ကြောင့် ဆိုင်ဖွင့်လှစ်သူများစွာ နည်းပါးလာခဲ့သည်။ ဆိုင်ဖွင့်လှစ်သူများ အနေဖြင့်လည်း ADSL လိုင်းကို ချိတ်ဆက်ထားကြပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် Wimax အင်တာနက်လိုင်းကိုသာ ပြန်လည် ချိတ်ဆက် အသုံးပြုမှု ရှိလာခဲ့သည်။ ယခုအခါ Red Link မှလည်း Wimax အင်တာနက်လိုင်းများကို ရာသီအလိုက် ပရိုမိုးရှင်း ဈေးနှုန်းများဖြင့် ကနဦးတပ်ဆင်ခ ဈေးနှုန်းများ လျှော့ချ၍ ရောင်းချပေးနေပြီ ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့မှ ရောင်းချသော ADSL အင်တာနက်လိုင်းများကိုလည်း ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်း ဝန်းကျင်ဖြင့် ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အဓိကကျသော ဖိုက်ဘာအင်တာနက် ဆက်ကြောင်းကို ကပ္ပလီပင်လယ်ပြင်မှ တစ်ဆင့် ဆက်သွယ်ပြီး ဧရာဝတီတိုင်း ဖျာပုံမှ ကုန်းတွင်းပိုင်းသို့ ချိတ်ဆက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုချိတ်ဆက်မှုမှတစ်ဆင့် ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် ရန်ကုန်မြစ် ရေအောက်လမ်းကြောင်းအတိုင်း ပြန်ဆင်းပြီး ရန်ကုန် ကြည့်မြင်တိုင်ဆိပ်ကမ်းမှ တစ်ဆင့် ဟံသာဝတီ အိတ်ချိန်းသို့ ပြန်လည် ဆက်သွယ်ထားခြင်း ဖြစ်သည်ဟု သိရသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ် ဝန်းကျင်အထိ အင်တာနက် အသုံးပြုမှုမှာ သိသိသာသာ မြင့်မားလာခဲ့သည်။ စီးပွားရေးလုပ်ငန်းများတွင်လည်း နည်းပညာဖြင့် ဆက်စပ်၍ လုပ်ကိုင်ဆောင်ရွက်မှုများ ရှိလာသောကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် မြန်နှုန်းများမှာ များစွာ ကောင်းမွန်ရန် လိုအပ်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လက်ရှိ အသုံးပြုလျက်ရှိသော အင်တာနက်စနစ်များမှာ ADSL အင်တာနက် ဝန်ဆောင်မှု၊ Wimax အင်တာနက်ဝန်ဆောင်မှု FTTH အင်တာနက်ဝန်ဆောင်မှု၊ MC Will အင်တာနက်ဝန်ဆောင်မှု၊ စနစ်နှင့် Skynet အင်တာနက်ဝန်ဆောင်မှု စနစ်ဟူ၍ အင်တာနက်ဝန်ဆောင်မှု ငါးမျိုးအထိ ရှိလာပြီဖြစ်သည်။

ထိုသို့ အင်တာနက် ဝန်ဆောင်မှုများ မျိုးစုံရှိလာသော်လည်း အင်တာနက် ကွန်နက်ရှင်းပိုင်းတွင် သိသိသာသာ တိုးတက်မှု ရှိလာခဲ့ခြင်း မရှိပေ။ မြန်မာ့ဆက်သွယ်ရေးမှ ဝန်ဆောင်မှုပေးသော ADSL ဝန်ဆောင်မှုကို ၂၀၁၂ ခုနှစ်အတွင်း ယခင်ရှိပြီးသား မြန်နှုန်းများ 512 kbps တပ်ဆင်ထားသူများကို 1mbps အစရှိသကဲ့သို့ မြန်နှုန်းနှစ်ဆစီ တိုးမြှင့်ပေးခဲ့ပြီး ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိ ချိတ်ဆက် အသုံးပြုလျက်ရှိသော SEA - ME-WE 3 အစား SEA-ME-We 4 နှင့် 5 တို့ကို ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ SEA-ME-We 5 နှင့် ချိတ်ဆက်ပြီးပါကလည်း မြန်မာနိုင်ငံ၏ အင်တာနက်ကွန်နက်ရှင်မှာ လက်ရှိအခြေအနေထက် များစွာ တိုးတက်မှု ရှိလာနိုင်မည် ဖြစ်သည်။

သို့မှသာ ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် များစွာ အဆင်ပြေမှု ရှိလာနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်၌လည်း အွန်လိုင်းစီးပွားရေး လုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများ အပါအဝင် အခြားစီးပွားရေး ကဏ္ဍများတွင်ပါ အင်တာနက်စနစ်မှာ မရှိမဖြစ် အနေအထားတွင် ရောက်ရှိလာပြီ ဖြစ်သောကြောင့် အင်တာနက် မြန်နှုန်းအနေဖြင့်လည်း များစွာ တိုးတက်မှု ရှိလာသင့်သည်။ လက်ရှိ အင်တာနက် မြန်နှုန်းများမှာ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူအများစုအတွက် အဆင်ပြေသည့် အနေအထားတွင် မရှိဘဲ အသုံးပြုလျက် ရှိကြသည်။ လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ အသုံးပြုလျက်ရှိသော အင်တာနက် Bandwidth ပမာဏမှာ ယခင်နှစ်များက 3.3G ဝန်းကျင်သာရှိခဲ့ပြီး ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းဝန်းကျင်တွင် အင်တာနက် Bandwidth မှာ 14 G အထိ တိုးမြှင့် အသုံးပြုခွင့် ပေးခဲ့သော်လည်း အင်တာနက် မြန်နှုန်းများမှာ တိုးတက် ကောင်းမွန်လာခြင်း မရှိခဲ့ပေ။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက် အသုံးပြုသူဦးရေမှာ လက်ရှိအချိန်တွင် လူဦးရေ ခြောက်သိန်းကျော် ရှိနေပြီဟု သိရပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ ဦးရေ သုံးသန်းဝန်းကျင်အထိ တိုးတက်လာစေရန် အတွက်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက်စနစ်မှာ သုံးစွဲသူများလာသည်နှင့်အမျှ နှစ်စဉ် ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်လာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

credit - mm-flashsongs.com

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment